ရေဦး ဒီဇင်ဘာ ၂၉
နိုင်ငံတာ၀န်ထမ်းဆောင်ပြီး အငြိမ်းစားယူသွားခဲ့ကြသည့် ပင်စင်လစာခံစား နေကြသူများ တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၂၇ ရက်နံနက် ၁၀ နာရီက မြန်မာ့စီးပွားရေးဘဏ်(ရေဦးဘဏ်ခွဲ)တွင် ပင်စင်လာရောက်ထုတ်ယူကြသော အငြိမ်းစား ပင်စင်စားများ ဆန်နှင့်ဆီများ ထောက်ပံ့ပေးခဲ့သည်။
ထိုသို့ထောက်ပံ့ပေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်စား ရေဦးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များက ပင်စင်စား တစ်ဦးလျှင် ဆန်နှစ်ပြည်နှင့် ဆီနှစ်ဆယ့်ငါးကျပ်သားနှုန်းကို အသီးသီးထောက်ပံ့ ပေးခဲ့သည်။
ရေဦးဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူသူဦးရေ ၂၀၀ ဦးရှိပြီး အကြောင်းအမျိုးမျိုးကြောင့် လာရောက်၍ ပင်စင်လစာ မထုတ်ယူနိုင်သေးသည့် ပင်စင်စားများအတွက် အဆိုပါဘဏ်တွင် ပင်စင်ထုတ်ယူသည့်အခါ ပင်စင်လစာနှင့်အတူ ဆန်နှင့်ဆီတို့ကို ဆက်လက်ထုတ်ပေးသွားနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။
သန်းသန်း ( ရေဦး )