သံတောင်ကြီး ဒီဇင်ဘာ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများ၏ မြေလွတ်မြေရိုင်းနေရာများ၊ ဥယျာဉ်ခြံများ၊ မြစ်ချောင်းများ၏ ဘေးပတ်ဝန်းကျင်များတွင် သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိသည့် ကင်ပွန်းသီးများကို ခူးယူပြီး အခြောက်လှန်းကြသည်။ ခုအချိန်တွင် ကင်ပွန်းသီးခြောက်များ ဝယ်လိုအားကောင်းသောကြောင့် ဒေသခံပြည်သူများ ရောင်းချပြီး မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
ကင်ပွန်းသီးများသည် သစ်မာပင်များဖြစ်၍ တစ်နှစ်လျှင် တစ်ကြိမ်တည်းသာ အသီးသီးကာ သဘာဝအတိုင်း ပေါက်ရောက်ကြပြီး ယခုအချိန်ကာလတွင် ဝယ်လို အားကောင်းသောကြောင့် ဒေသခံပြည်သူများမှာ မိမိတို့၏ မြေလွတ်နေရာများတွင် ကင်ပွန်းသီးပင်များကို စီးပွားဖြစ် ပြန်လည် စိုက်ပျိုးလျက်သည်။ ကင်ပွန်းသီးများကို ခေါင်းလျော်ရည် ပြုလုပ်ရာတွင် အသုံးပြုခြင်း၊ ဆပ်ပြာရည်များ ပြုလုပ်ရာတွင် အသုံးပြုခြင်း၊ ဝါးဘူးများတွင် ကင်ပွန်းသီးများထောင်းပြီး ချောင်းများတွင် ထည့်သည့်အခါ ငါးများကို အလွယ်တကူ ဖမ်းယူနိုင်ခြင်းတို့တွင် အသုံးပြုကြသည်။
အဆိုပါ ကင်ပွန်းသီးမျာကို သံတောင်ကြီးမြို့နှင့် တောင်ငူမြို့ရှိ ကင်ပွန်းသီး ရောင်းဝယ်သူများထံတွင် သွားရောက်ရောင်းချပြီး တစ်ပိဿာလျှင် ကျပ် (၁၀၀၀)မှ ကျပ်(၁၂၀၀)ထိ ရရှိကာ မိသားစုအ ပိုဝင်ငွေ ရရှိကြောင်း သိရသည်။
နော်နော်မူ