နတ်မောက်မြို့ရှိ မြို့မရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

နတ်မောက် ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ မြို့မရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း စိုက်ပျိုးရေးတောင်သူမိသားစုထံမှ သိရသည်။

ကျွန်တော်ကတော့ ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးပြီးရောင်းချတဲ့သူပါ။ စိုက်ပျိုးရေးကို ဝါသနာပါလို့ အိမ်နဲ့ကပ်လျက် မြေကွက်လပ်ခြံလေးကိုဝယ်ယူပြီး စိုက်ပျိုးထားတာပါ၊ အလျား(၁၅၀)ပေ၊ အနံ(၁၀၀)ပေလောက်ရှိတဲ့ ခြံထဲမှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးထားတာပါ၊   အဲဒီလိုစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်တော့မယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ မြေဆွေးမြေဩဇာ၊ နွားချေး၊ ကြက်ချေးများ စုဆောင်းပြီး မြေကိုပြုပြင်၍ အတန်းလိုက်ဘောင်လုပ်ရပါတယ်၊  အခု ကျွန်တော်စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်အပင်တွေကတော့ ဘူးပင်၊ ဆလတ်ပင်၊ မုန်ညှင်းပင်၊ ပန်းဂေါ်ဖီစိမ်း၊ နံနံပင်၊ မုံလာဥဖြူများ စိုက်ပျိုးထားပါတယ်၊ ဟင်းသီးဟင်းရွက်မျိုးများကိုတော့ စိုက်ပျိုးရေးဆိုင်များမှဝယ်ယူပြီး စိုက်ပျိုးတာပါ၊ ခုဆိုရင်ဘူးညွန့်နှင့် ဆလတ်ပင်များကို လက်လီရောင်းချနေရသလို မိမိယာခင်းထဲမှာ လာဝယ်ယူသူများလည်းရှိပါတယ်၊  ဘူးညွန့်(၅)ညွန်တစ်စည်းကို (၂၀၀)ကျပ်ရောင်းချပြီး ဆလတ်ပင်(၁)ပင်ကို (၂၅၀)ကျပ်ရောင်းရပါတယ်၊ မီးဖိုချောင်အသုံးစရိတ်အတွက် နေ့စဉ်ဝင်ငွေရတာကြောင့် မိသားစု အဆင်ပြေပါတယ်ဟု ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသူ ဦးကျော်စိုးကပြောကြားသည်။

လှဝင်း