ဟင်္သာတ ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ပြည်သူ့အားကစားကွင်းတွင် ယနေ့ နံနက် ၇ နာရီခွဲအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဟင်္သာတမြို့နယ် ပညာရေးမှူး ဖလားကျောင်းပေါင်းစုံ အသက် (၁၃)နှစ်အောက် မူလတန်းအဆင့် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ပြိုင်ပွဲဝင် ကစားသမားများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင်အားကစား သမားများမှ ကွင်းအတွင်း နေရာယူခြင်း၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်နှင်းယုက အဖွင့်မိန့်ခွန်းနှင့် အမှာစကားပြောကြားခြင်း၊ စစ်ကြောင်းမှူး ဦးဆောင်၍ အားကစားသမားများက အားကစားသစ္စာဓိဌာန်ရွတ်ဆိုခြင်း၊ ပြိုင်ပွဲဝင်ကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ ခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး အဖွင့်ပွဲစဥ်အဖြစ် ရှားခဲတိုက်နယ်အသင်းနှင့် စစ်ကုန်းတိုက်နယ် အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြကာ ပြိုင်ပွဲအား ၂၇.၁၂.၂၀၂၃ ရက်မှ ၆.၁.၂၀၂၄ ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း ၁၅ သင်းဖြင့် ၁၁ ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)