ရေနံချောင်းမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံအားကစားပြိုင်ပွဲများ စည်ကားစွာကျင်းပ

ရေနံချောင်း ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် လွတ်လပ်ရေးနေ့ကျင်းပရေးဦးစီးကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၁၆ ရက်နေ့ကစတင်၍ မြို့နယ်ပြည်သူ့အားကစားကွင်း၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းနှင့် မဲထီးဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

အားကစားပြိုင်ပွဲများတွင် အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စာပွဲတင် တင်းနစ်ပြိုင်ပွဲများ ထည့်သွင်းကျင်းပလျက်ရှိပြီး ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံမှ အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲတွင် အသင်း (၆)သင်းဖြင့်လည်းကောင်း၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်း (၁၀)သင်းဖြင့်လည်းကောင်း၊ စာပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၀)ဦးဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုရအသင်းများနှင့် ဆုရာအားကစားသမားများအား ဇန်နဝါရီ ၄ ရက်နေ့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်