ဇီးကုန်း ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးကျန်းမာရေးဆိုင်ရာ အသိပညာ၊ ခံယူချက်၊ လက်တွေ့ဆောင်ရွက်နေမှုများနှင့် တွေ့ကြုံရသည့် အခက်အခဲများအား ရှာဖွေဖော်ထုတ်သည့် သုတေသနစစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနခန်းမ၌ စတင်ဆောင်ရွက်လျက်ရှိသည်။
ရှေးဦးစွာ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးအဆင့်(၁)ဦးသိန်းလှိုင်က သုတေသနကောက်ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့မကျန်းမာရေးဌာန၊ ကြီးကြပ်-၂ ဒေါ်ထက်သီရိအောင်က mobile phone ဖြင့် သုတေသနကောက်ယူခြင်းဆိုင်ရာ ဖြည့်စွက်ဆောင်ရွက်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့သည်။ ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များမှ မိမိတို့၏ လက်တွေ့ဆောင်ရွက်နေမှုများ၊ တွေ့ရှိချက်များအား mobile phone များမှတဆင့် လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဆောင်ရွက်ခြင်းသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များအကြား ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးကျန်းမာရေးဆိုင်ရာ အသိပညာ၊ ခံယူချက်၊ လက်တွေ့ဆောင်ရွက်နေမှုများနှင့် တွေ့ကြုံရသည့် အခက်အခဲများအား သိရှိပြီး၊ လိုအပ်ချက်များအား ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)