ပန်းတောင်း ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ်တားဆီးကာကွယ်နိုင်ရန် မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို ဥသျှစ်ပင်စျေး၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က အဆိုပါစျေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပန်းတောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးကိုကိုဝေဟိန်းက မီးသတ်ဆေးဗူး အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဆေးဗူးကိုအသုံးပြု၍ မီးငြှိမ်းသက်နည်း၊ ဆီမီးလောင်မှုကို ဖုံးအုပ်ငြှိမ်းသတ်နည်း၊ ဂက်စ်မီးလောင်မှုကို ငြှိမ်းသတ်နည်းများကို ပြည်သူများအား လက်တွေ့လေ့ကျင့် သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ပြီး စျေးရုံကြီး မီးဘေးလုံခြုံရေးအတွက် ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်သရုပ်ပြခဲ့ကြသည်။
အဆိုပါ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်သည့် ရေယာဥ်(၂)စီးဖြင့် မြို့မစျေးကြီး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရန်လင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုဝေဟိန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဥသျှစ်ပင်မြို့စခန်းမှူးရဲအုပ် ဝင်းဆန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဥသျှစ်ပင်မြို့ စျေးကော်မတီဝင်များနှင့် စျေးသူ၊ စျေးသားများက ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရဦးဆောင်ကာဌာနဆိုင်ရာ တာဝန်ရှိသူများကစျေးအတွင်းရှိ လျှပ်စစ်မီးကြိုးများသွယ်တန်းထားပုံ၊ ရေမြောင်းများပိတ်ဆို့မှု ရှိ၊ မရှိ၊ စျေးအမိုးများ လုံခြုံမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကိုမှာကြားခဲ့သည်။
လပြည့်လင်း(ပြန်/ဆက်)