စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ(၆၄)ရွာတွင် တစ်အိမ်ထောင်သုံး ဆိုလာမီးလင်းရေး လုပ်ဆောင်ပေးမည်

မုံရွာ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ(၆၄)ရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တစ်အိမ် ထောင်သုံး ဆိုလာမီးလင်းရေး လုပ်ငန်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းကျော်မျိုး ၏ ပြောကြားချက်အရ သိရသည်။

တစ်အိမ်ထောင်သုံးဆိုလာမီးလင်းရေး လုပ်ဆောင်ပေးမည့် အစီအစဉ်အဖြစ် ကလေးခရိုင် မင်းကင်းမြို့နယ် အတွင်းမှ ကျေးရွာတစ်ရွာတွင်လည်းကောင်း၊ စစ်ကိုင်းခရိုင် မြင်းမူမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင် လည်းကောင်း၊ ရွေဘိုခရိုင် ခင်ဦးမြို့နယ်အတွင်းမှ ကျေးရွာ (၉)ရွာနှင့် ရေဦးမြို့နယ်အတွင်းမှ ကျေးရွာ (၄)ရွာတွင် လည်းကောင်း၊ ယင်းမာပင်ခရိုင် ပုလဲ မြို့နယ် အတွင်းရှိ ကျေးရွာ (၈)ရွာတွင် လည်းကောင်း၊ ကန့်ဘလူ ခရိုင် ကျွန်းလှ မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် လည်းကောင်း၊ မော်လိုက်ခရိုင် ဖောင်းပြင် မြို့နယ် အတွင်းရှိ ကျေးရွာ (၅)ရွာတွင်လည်းကောင်း၊ ခန္တ်ီးခရိုင် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၃၅)ရွာတွင် လည်းကောင်း လုပ်ဆောင် ပေးသွားမည်ဖြစ်သည်။

တစ်အိမ်ထောင်သုံးဆိုလာမီးလင်းရေးစနစ် တပ်ဆင်ပေးနိုင်ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၇)ခုမှ မြို့နယ်(၈)မြို့နယ်ရှိ ကျေးရွာ(၆၄)ရွာတို့မှ အိမ်ခြေ (၈၆၂)အိမ် လျှပ်စစ် မီးများ သုံးစွဲခွင့်ရရှိမည် ဖြစ်သည်။

                                                                                                                   ဝင်းဦး(ဇေယျာတိုင်း)