နတ်မောက်မြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံများစိုက်ပျိုးခဲ့ရာ ဆောင်းနှမ်းလျင်များ ရိတ်သိမ်းလျက်ရှိ

နတ်မောက် ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်းလျင်၊ ပဲတီစိမ်း၊ ကုလားပဲ၊ နေကြာနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားရှိကာ ဖော်ပြပါသီးနှံများအနက် ဆောင်းနှမ်းလျင်သီးနှံများ ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ၂၀၂၃ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆောင်းမြေပဲ (၁၅၅၀)ဧက၊ နှမ်းလျင် (၅၅၇၀)ဧက၊ ပဲတီစိမ်း (၇၆၂၅)ဧက၊ ကုလားပဲ (၁၈၅၁)ဧက၊ နေကြာ (၁၀၀၇၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် နှမ်းလျင်သီးနှံများသည် ရင့်မှည့်လာပြီဖြစ်၍ တောင်သူများ ရိတ်သိမ်းလျက်ရှိသည်။

နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်မြင်ရေးအတွက် စိုက်ပျိုးရေးတောင်သူများသို့ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးစေခြင်း၊ ကွင်းသရုပ်ပြပွဲများပြုလုပ်ခြင်း၊ သိပ္ပံနည်းကျစိုက်နည်းစနစ်များ လိုက်နာကျင့်သုံးစေခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲစေခြင်း၊ ပိုးမွှားကျရောက်ပါက ထိရောက်သည့် ကာကွယ်နှိမ်နင်းနည်းများကို ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မြင့်မြင့်ချိုထံက သိရသည်။

မူမူစန်း