ပေါင်းတည် ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရန်နှင့်ရည်မှန်းချက် ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေးအတွက် ဆောင်းသီးနှံ ၉၃၅၁၆ ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာအနေဖြင့် ဆောင်းသီးနှံစိုက်ပျိုးကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးစေခြင်း၊ သိပ္ပံနည်းကျစိုက်နည်းစနစ်များ လိုက်နာကျင့်သုံးစေခြင်း၊ မြေဩဇာများစနစ်တကျသုံးစွဲစေခြင်း၊ သဘာဝမြေသြဇာထည့်သွင်း၍ စိုက်ပျိုးမြေပြုပြင်စေခြင်း၊ ပိုးမွှားကျရောက်မှုကာကွယ်နှိမ်နင်းနည်းစသည့် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကိုကွင်းဆင်း၍ အသိပညာပေးလျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာ၌ နွေစပါး ၂၂၇၁၂ ဧက၊နှမ်း ၇၇၁၈ ဧက၊မြေပဲ ၅၁၄၃ ဧက၊ နေကြာ ၄၆၅၉ ဧက၊ ချည်မျှင်ရှည်ဝါ ၅၈ ဧက၊ မတ်ပဲ ၃၉၁၈၃ ဧက၊ ကုလားပဲ ၅၆၂ ဧက၊ ပဲတီစိမ်း ၆၇၂၈ ဧက၊ ပဲနောက် ၉၄၇ ဧက၊ ဘိုကိတ် ၂၁၇ ဧက၊ ပဲကြီး ၃၁၁ ဧက၊ ဟင်းသီးဟင်းရွက် ၃၆၈၂ ဧက၊ ငရုတ်စို ၃၉၁ ဧက၊ ကြက်သွန်နီ ၂၄၁ ဧက၊ ဖူးစားပြောင်း ၃၄၂ ဧက၊ ချက်ကြံရင့် ၅၄၆ဧက၊ စားကြံရင့် ၁၂ ဧက၊ ပန်းအမျိုးမျိုး ၄၉ ဧကနှင့် ပိုက်ဆံလျှော် ၁၅ ဧက စုစုပေါင်း ၉၃၅၁၆ ဧကကို စိုက်ပျိုးထုတ်လျက်ရှိကြောင်း သိရသည်။
သူရကြီး(ပြန်/ဆက်)