ပေါင်းတည်၌ ဒေသတွင်းအရောင်းစျေးကွက်ဖြစ်ထွန်းမှုကြောင့် ပြောင်းစိုက်ပျိုးသူများပြားလာ

ပေါင်းတည် ဒီဇင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖြစ်ထွန်းလျက်ရှိသော ဒေသထွက်ပြောင်းဖူးအရောင်းစျေးကွက်ကြောင့် ပြောင်းစိုက်ပျိုးသူများပြား လာကြောင်းသိရသည်။

ပေါင်းတည်မြို့နှင့်ဘိုးသာအောင်ကုန်းတံတားအကြား ရန်ကုန်-ပြည် ကားလမ်းဘေးတစ်လျှောက်တွင် ပြောင်းဖူးစိမ်းနှင့်ပြောင်းဖူးမီးဖုတ်များကို ယာယီစျေးဆိုင်တန်းများ ပြုလုပ်၍ ခင်းကျင်းရောင်းချလျက်ရှိရာ ဝယ်ယူသူ ခရီးသွားပြည်သူများနှင့် နေ့စဉ်စည်ကားလျက်ရှိသည်။ ထိုသို့ဒေသတွင်းစျေးကွက်ဖြစ်ထွန်းနေမှုကြောင့် မြို့နယ်အတွင်း ပြောင်းစိုက်ပျိုးသူ များပြားလာကြောင်း သိရသည်။

မြို့နယ်အတွင်း၌ ယခင်နှစ်များက ပြောင်းဖူးစိုက်ဧက ၂၅၀ ဝန်းကျင်သာရှိသော်လည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဖူးစားပြောင်း ၃၄၂ ဧကအထိ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ စုံစမ်းသိရှိရသည်။ သုံးရာသီပတ်လုံးဝယ်လိုအား ရှိခြင်းကြောင့်လည်း အလှည့်ကျသုံးသီးစား စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ စျေးကွက်လိုအပ်ချက်ကို မူတည်၍ဒေသအခေါ် လေယာဉ်စိမ်းပြောင်းမျိုးများ စိုက်ပျိုးမှုများပြားကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

အဆိုပါ ဒေသထွက်ပြောင်းဖူးဆိုင်တန်းများတွင် ပြောင်းဖူးစိမ်း ၁ ဖူးလျှင် ၃၀၀ ကျပ်၊ ပြောင်းဖူးမီးဖုတ် ၁ ဖူးလျှင် ၃၅၀ ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကာ စိုက်ခင်းပင်ရင်းစျေးနှုန်းနှင့် ကွာဟမှုနည်းပါးခြင်းတို့ကြောင့် အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ ပြောင်းဖူးများရောင်းအားကောင်းမှု၊ စျေးကွက်ဖြစ်ထွန်းအောင်မြင်နေမှုတို့ကြောင့် ဒေသခံတောင်သူများနှင့် ဝယ်ယူရောင်းချသူများမိသားစုဝင်ငွေများတိုးကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

သူရကြီး (ပေါင်းတည်)