(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့ပလံ-ကော့ရေခါးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်

ဘားအံ ဒီဇင်ဘာ ၂၈

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မာန်မြင့်ဟိန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီးစီးသော ကော့ကရိတ်မြို့နယ်၊ ကော့ပလံ-ကော့ရေခါးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်၊ ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သောလမ်းသည် ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်းမှတဆင့် ဘားအံ-အိန္ဒု-ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးသို့ ချိတ်ဆက်ထားသော လမ်းတစ်လမ်းဖြစ်သည့်အတွက် နယ်စပ်မြို့ဖြစ်သော မြဝတီမြို့သို့ အချိန်တိုအတွင်းသွားရောက်နိုင်ကာ ကုန်စည်စီးဆင်းမှုမြန်ဆန်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်၏ ခရိုင်ချင်းဆက်လမ်းမကြီးဖြစ်သော ကျော့ရွာ-ဝင်းစိန်-ဒေါ်လမ်း လမ်းနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့်အတွက် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး သွင်းကုန်/ထုတ်ကုန်များ အလွယ်တကူသယ်ယူတင်ပို့နိုင်ခြင်း၊ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကိစ္စရပ်များ ကောင်းမွန်တိုးတက်လာခြင်း၊ လမ်းပန်းဆက်သွယ်ရေး မြန်ဆန်ချောမွေ့လွယ်ကူစေခြင်း စသည့်အကျိုးကျေးဇူးများလည်း ရရှိစေမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အဆောက်အဦဖြစ်သည့် လမ်း၊ တံတားများကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုပြီး လမ်း၊တံတားများဖြစ်ထွန်းလာစေရန် အတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဥက္ကဋ္ဌ စောထော့လေး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးတို့က ကော့ပလံ-ကော့ရေခါးလမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်၍ ကွန်ကရစ်လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့်ကွန်ကရစ်လမ်းသစ်ကို ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် မာန်မြင့်ဟိန်းကုမ္ပဏီမှ (၁၄)ပေအကျယ် ကွန်ကရစ်လမ်း(၁)မိုင်(၁)ဖာလုံအား တင်ဒါအောင်မြင်ငွေကျပ် (၅၅၅ ဒဿမ ၈၅၄)သန်းဖြင့် ဆောင်ရွက်ပြီးစီးဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအုပ်စုတစ်အုပ်စု၊ ကျေးရွာ(၆)ရွာကို အကျိုးပြုစေမည်ဖြစ်ကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကော့ပလံ-နောင်ဟင်လမ်းပေါ်တွင် ၁၂၀ ပေ ကွန်ကရစ်တံတားတစ်စင်း၊ ၂၀၂၁-၂၀၂၂ (၆)လဘဏ္ဍာရေးနှစ်တွင် ကော့ပလံ-နောင်ဟင်-ကော့ရေခါးလမ်းအား မြေသားလမ်းတစ်ပိုင်နှင့် ကော့ပလံ-ခနိမ်းဖော်လမ်းအား ကတ္တရာလမ်းတစ်မိုင်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဘုရားကုန်-မွန်စုလမ်းအား ကွန်ကရစ်တစ်မိုင် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ခနိမ်းဖော်-ကော့ပလံ-ကော့ရေခါး-နောင်ဟင်-မွန်စု- ဘုရားကုန်းလမ်း တစ်လမ်းလုံး ၁၀၀ ရာခိုင်နှုန်း ချိတ်ဆက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့နယ်၊ ကော့ပလံဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော်ဘဒ္ဒန္တခေမာစာရအား သွားရောက်ဖူးမြှော်ကြည်ညို၍ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများအတွက် ချီးမြှင့်ငွေ ၆၈၀၀၀၀၀(ခြောက်ဆယ့်ရှစ်သိန်း)ကျပ်၊ ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ကော့ပလံဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းသား၊ ကျောင်းသူယဉ်ကျေးမှု မောင်မယ်ဒုံးအဖွဲ့များက ကရင်ရိုးရာ ယဉ်ကျေးမှုဒုံးအကများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဒုံးအဖွဲ့များအတွက် ငွေကျပ်(၅)သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)