ကောလင်း အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းခရိုင်အတွင်းရှိ မိုးစပါးမျိုးသန့်မျိုးစေ့ထုတ် စိုက်ကွက် များအတွင်း နောက်ဆုံးအကြိမ် မျိုးကွဲပယ်ခြင်း၊ ပေါင်းမြက်နုတ်ခြင်း၊ပိုးမွားရောဂါကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်း ကွင်းသရုပ်ပြခြင်းများကို ယမန်နေ့ က ဆောင်ရွက်ခဲ့ကြသည်။
"ကောလင်းခရိုင်အတွင်း CERP အစီအစဥ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် ကောလင်းမြို့နယ်တွင် ၄၅၀ဧက၊ဝန်းသိုမြို့နယ်တွင် ၂၅၀ဧက၊ပင်လည်ဘူးမြို့နယ်တွင် ၃၅၀ ဧက စုစုပေါင်း ၁၀၅၀ဧကအတွက် ပံ့ပိုးပေးဖို့အတွက် ကိုဗစ်-၁၉ အလွန်ကာလ CERP စီးပွား ရေး ကုစားမှုအစီအစဥ်အနေဖြင့် ထောက်ပံ့ကြေးငွေများလည်း ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဌာန မျှော်လင့်တာကတော့ မျိုးကောင်းမျိုးသန့်များကို တောင်သူတိုင်းလိုလို သုံးစွဲနိုင်ဖို့ ရည်ရွယ်ပါကြောင်း၊နောင်တစ်ချိန်မှာ မြန်မာနိုင်ငံဟာ မျိုးစေ့ထုတ်ပြီးတော့ ကမ္ဘာကို ဖြန့်ဖြူးရောင်းချနိုင်တဲ့ Seeds Exporters Country အဖြစ် မျှော်လင့်ပြီးတော့ အစပျိုး ဆောင်ရွက်တာဖြစ်ကြောင်း၊မျိုးကောင်းမျိုးသန့်ထုတ်လုပ်ပေးနိုင်ခြင်းအားဖြင့် တိုင်းပြည်ဝင်ငွေလည်း တိုးတက်လာမည်ဖြစ်ပြီးတောင်သူတစ်ဦးချင်းစီ၏ စပါးအထွက်နှုန်း တိုးတက်၍ ဝင်ငွေလည်းတိုးတက်လာဖို့ရည်ရွယ်ပြီးတော့ ဆောင်ရွက်တာဖြစ်ပြီး ကောလင်း ခရိုင်အတွင်း မိုးစပါးမျိုးသန့်မျိုးစေ့ထုတ် စိုက်ကွက်များအားလုံး မျိုးကွဲပယ်ခြင်း၊ ပေါင်းမြက် နုတ်ခြင်း ၊ပိုးမွားရောဂါကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ပထမအကြိမ်၊ဒုတိယအကြိမ် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ယနေ့ပြုလုပ်သော မျိုးကွဲပယ်ခြင်း၊ ပေါင်းမြက်နုတ်ခြင်း၊ ပိုးမွား ရောဂါကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းဟာ တတိယအကြိမ်တွင် ပထမဆုံးပြုလုပ်တာ ဖြစ်ကြောင်း "ကောလင်းခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းသိန်းက ပြောပြခဲ့သည်။
တတိယအကြိမ် မျိုးကွဲပယ်ခြင်း နည်းပညာပေး ကွင်းသရုပ်ပွဲများကို ကောလင်းခရိုင်အတွင်းရှိ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းရေးအဖွဲ့များ၊သက်ဆိုင်ရာ ခရိုင်စိုက်ပျိုးရေးတာဝန်ခံများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ မျိုးစေ့ထုတ် ဒေသခံတောင်သူများ စုပေါင်း၍ ပြုလုပ်ခဲ့ကြောင်းသိရသည်။
မြင့်ထွန်းမင်း(ကောလင်း)