ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဝါးခယ်မမြို့ ကော်မရှင်အဖွဲ့ခွဲရုံးသစ် ဆောက်လုပ်နေမှုအား လာရောက်ကြည့်ရှုစစ်ဆေး

ဝါးခယ်မ ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ဝါးခယ်မမြို့ ကော်မရှင်အဖွဲ့ခွဲရုံးသစ် ဆောက်လုပ်နေမှုအား လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့၊ စာရေးကုန်းရပ်ကွက်၊ တိုးချဲ့ ကွက်သစ်သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များဖြစ်သည့် ဦးသန်းထွန်း၊ ဦးအောင်စောဝင်း၊ ဦးခင်မောင်ဦးတို့သည် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးသစ် (အလျား ၇၀ ပေ၊ အနံ ၅၂ ပေ၊ အမြင့် ၁၅ ပေ၊ သံကူကွန်ကရစ်၊ ၁ ထပ်အဆောက်အဦ) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ‌ကော်မရှင် ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အောင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့သည် လိုအပ်ချက်များအား အသေးစိတ်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အထက်ပါရုံးအား မြေဧရိယာ (၀.၂၂၉) ဧက (အလျား ၁၀၀ ပေ၊ အနံ ၁၀၀ ပေ) ပေါ်တွင် ပြည်ထောင်စုအစိုးရ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၁၆၄.၁၀) သန်းဖြင့် “EVER PALACE Co.,Ltd” က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်တွင် စတင်တည်ဆောက် လျက်ရှိရာ ပြီးစီးမှု(၃၀)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)