ကော့သောင်း၊ အောက်တိုဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တပ်မတော်ကုတင်(၁၀၀)ဆေးရုံနှင့် မြို့အဝင်ရောဂါစစ်ဆေးရေးဂိတ်များသို့ မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးအဖွဲ့ (အထက(၁)-ကော့သောင်း) မှ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင်အသုံးပြုနိုင်ရန် လုပ်ငန်းသုံးပစ္စည်းများကို ယမန်နေ့ညနေပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
လှူဒါန်းရာတွင် ကော့သောင်းခရိုင်၊ ပြည်သူ့ဆေးရုံနှင့် ကျန်းမာရေးဌာနသို့လက်သန့်ဆေးရည်ပုံးကြီး(၂၂)ပုံး၊ လက်သန့်ဆေးရည်တင်ခြေနင်းစင်(၂၂)ခု၊ MASK (၆၀)ဗူးကိုပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး အလားတူ တပ်မတော် ကုတင်(၁၀၀)ဆေးရုံနှင့် မြို့အဝင် ရောဂါစစ်ဆေးရေးဂိတ်တို့တွင် အသုံးပြုနိုင်ရေး လက်သန့်ဆေး၊ လက်သန့်ဆေးတင်ခြေနင်းစင်နှင့် MASK များကိုလည်း လိုက်လံလှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
ပြည်တွင်းကူးစက်မှုမြှင့်တက်လာနေသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို မြို့နယ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး အဆိုပါပစ္စည်းများကို ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများ တွင် စနစ်တကျအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)