ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မရဲ့အုန်ပင်စုကျေးရွာတွင် နွေစပါး ထွန်တုံးပိတ်စိုက်ပျိုးခြင်းနှင့် ဝဲဒေါင့်ကျေးရွာ၌ နေကြာစိုက်ခင်း ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးမှုအားကြည့်ရှု

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မရဲ့အုန်ပင်စုကျေးရွာတွင် နွေစပါးထွန်တုံး ပိတ်စိုက်ပျိုးခြင်းနှင့် ဝဲဒေါင့်ကျေးရွာ၌ နေကြာစိုက်ခင်း ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးမှုအား ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများတွင် ကြည့်ရှုအားပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့၊ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန်နှင့် အဖွဲ့တို့သည် ဒီဇင်ဘာလ (၂၆) ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်ကျွန်းမြို့နယ် မရဲ့အုန်းပင်စုကျေးရွာသို့ ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြပြီး စနစ်ကျ လယ်မြေဖော်ဆောင်ရေးအဖွဲ့၊ အောက်မြန်မာပြည်၊ သန်လျင်မှ ဆောင်ရွက်သည့် စက်မှုလယ်ယာ စနစ်ကျ လယ်မြေ(၁၀၀)ဧက ဖော်ထုတ်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခြင်း၊ ကွင်းအမှတ် ၁၁၈၅ (ခ)၊ ဦးပိုင် အမှတ်၊ ၇/၄ ရှိ တောင်သူဦးတင်အောင်သန်း၏ လယ်မြေဧက (၂၀၀) ၌ နွေစပါး ထွန်တုံးပိတ်စိုက်ပျိုးခြင်းကို ကြည့်ရှု စစ်ဆေးခြင်း၊ စခန်းကြီးကျေးရွာရှိ ကွင်းအမှတ်၊ ၁၁၆၅/ ၁၆၀၂၊ ဦးပိုင်အမှတ် ၂၅ (က)/၄ တောင်သူ ဦးအောင်မြင့်သန်း၏ နေကြာ (၂)ဧကအား ကြည့်ရှု စစ်ဆေးခြင်း၊ ဝဲဒေါင့်ကျေးရွာရှိ ကွင်းအမှတ်၊ ၁၁၆၈(ခ)၊ ဦးပိုင်အမှတ် ၁၄/၅ ရှိ နေကြာစိုက်ခင်း (၅)ဧကအား ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်ပြီ မယ်တလိုင်းကျေးရွာရှိ Clean and Green School အဖြစ်ဆောင် ရွက်ထားရှိသော အခြေခံပညာ မူလတန်းကျောင်းသို့ ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)