ဘိုကလေး ဒီဇင်ဘာ ၂၈
မြို့နယ်တွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများ ကျယ်ပြန့်စေရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နံနက်(၁၁)နာရီအချိန်တွင် ဘိုကလေးမြို့နယ် စည်ပင် သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးတွင် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောမှုနှင့် အတူ မီးငြှိမ်းသတ်ရေး သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ သည်။
ဟောပြောပွဲနှင့် သရုပ်ပြခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ အခမ်းအနား အား ကြီးမှူးကျင်းပသည့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူ များ၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောင့်ရေးအသင်း၊ ဈေးသူ၊ ဈေးသားများ တက်ရောက်ခဲ့ကြသည်။
ဟောပြာရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦထွန်းအောင်က မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ် တားဆီး ကာကွယ်ရေးနည်းလမ်းများအား အကျယ်တဝင့် ဟောပြောအသိပညာပေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်ကြသူများအား ဂက်(စ်)မီးဖို၏ မီးတောက်မီးလျှံများအား မီးငြှိမ်းသတ်နည်းများ၊ စက်သုံးဆီများ မီးလောင်ကျွမ်းမှုအပေါ် ငြှိမ်းသတ်မှု နည်းလမ်းများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများ၊ မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်ပုံတို့အား အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)