ဖျာပုံ ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အောက်ကွင်းကျေးရွာတွင် ခရိုင်အသေးစား စက်မှုလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ ပြည်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုတက်စေပြီး မိသားစုဝင်ငွေ တိုးတက်ရရှိစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာ သင်တန်းကို ယမန်နေ့နံနက် (၁၁) နာရီ အချိန်က အောက်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်သည်။
အခြေခံစက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာထွေးက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအဖြစ် အခြေခံစက်ချုပ် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း၊ အောက်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ညွန့်တို့က သင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ပြီး သင်တန်းမှ ပို့ချပေးလိုက်သည့် အတတ်ပညာများကို စနစ်တကျ သေချာစွာ လေ့လာမှတ်သားပြီး၊ မိမိတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဝင်ငွေတိုး တစ်နိုင်တစ်ပိုင် စီးပွားဖြစ်ဆောင်ရွက်နိုင်သည်အထိ ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ဖျာပုံမြို့နယ် အောက်ကွင်းကျေးရွာမှ သင်တန်းသူ (၂၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂၇-၁၂-၂၀၂၃)မှ (၂၆-၁-၂၀၂၄)ရက်န့အထိ တစ်လတိတိ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်းနှင့်သင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသူ(၂) ဦးအားရွေးချယ်၍ အသေးစား ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်စေရန်အတွက် အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ခရိုင်အသေးစား စက်မှုလုပ်ငန်းဦးစီးဌာနရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)