တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တနင်္သာရီမြို့နယ်အတွင်းရှိ အငြိမ်းစားနှင့်နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်း

တနင်္သာရီ ဒီဇင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မြန်မာ့ စီးပွားရေးဘဏ်တွင် ပုံမှန်လစာငွေကို ကိုယ်တိုင်လာရောက်ထုတ်ယူလျက်ရှိသည့် တနင်္သာရီမြို့နယ် အတွင်းရှိ (နိုင်ငံ့ဝန်ထမ်းအငြိမ်းစား) ပင်စင်စားများနှင့် နိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလင်းထိုက်စိုး၊ ဒေါက်တာနွေးဟေမာသင်းနှင့် ဆရာမများက ကျန်းမာရေးစောင့် ရှောက်မှုစစ်ဆေးပေးခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၂၇ ရက် နံနက် ၈ နာရီခွဲအချိန်က မြန်မာ့စီးပွားရေးဘဏ်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးကြရာ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူး၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းနှင့်အဖွဲ့ဝင်များက ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားကြသည်။

ဆက်လက်၍ ကုတင်(၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံအတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ကျား(၁၉) ဦး+မ(၈)ဦး၊ ပေါင်း(၂၇)ဦးတို့အား နှလုံးရောဂါ၊ သွေးတိုး-သွေးချို-ဆီးချိုရောဂါစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း အထွေထွေရောဂါလက္ခဏာများ စမ်းသပ်စစ်ဆေးပေးခြင်း၊ လိုအပ်သူများအား သွေးဖောက်စစ်ဆေးပေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်း၊ ECG ဆွဲပေးခြင်းနှင့် အခမဲ့ဆေးပေး၍ ဆေးကုသမှုပြုပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ ဆေးရုံတာဝန်ခံ ဆရာဝန်ဒေါက်တာနွေးဟေမာသင်းထံက သိရသည်။

ယနေ့တွင်  ကျန်းမားရေးစစ်ဆေးမှုခံယူနေကြသည့် အငြိမ်းစားပင်စင်စားများအား  တစ်ဦးလျှင် MULTICARE အားဆေး(၁)ကပ်စီ၊  ASPILEST, MYONERG  နှလုံးဆေးများနှင့်အခြားလိုအပ်သည့် ဆေးဝါးများ တန်ဖိုး(၈၅၅၀၀)ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးက လှူဒါန်း ထောက်ပံ့ပေးကြောင်းနှင့် ကျန်းမာရေးစစ်ဆေးရန်ကျန်ရှိသေးသည့် အငြိမ်းစားပင်စင်စားများကိုလည်း ဆက်လက်၍ ကျန်းမာရေးစစ်ဆေးပေးခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)