မင်းဘူး ဒီဇင်ဘာ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း၌ အခြေခံကင်းထောက်သင်တန်း အပတ်စဉ်(၁)ကို သင်တန်းသား ၉၃ ဦးဖြင့် ယခုလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီးနောက် အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းကကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးသက်လေးဦးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ ကျောင်းသားမိဘများနှင့် သင်တန်းသားကင်းထောက် မောင်မယ်(၉၃)ဦး တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို ကင်းထောက်မောင်မယ်လေးများက “ကင်းထောက်ဂုဏ်ရည်” သီချင်းဖြင့် သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ပြီးနောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က သင်တန်းဆင်း အမှာစကားပြောကြားရာ “ယခုလို ကင်းထောက်သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ယနေ့ခေတ် လူငယ်လေးများ၏ အကျင့်စာရိတ္တကိုပြုပြင်ခြင်း၊ သစ္စာရှိမှု၊ မျိုးချစ်စိတ်ရှိမှု၊ စွမ်းရည်သတ္တိရှိမှု၊ သူတစ်ပါးအတွက် ဖေးမကူညီဆောင်ရွက်တတ်မှု၊ သဘာဝပတ်ဝန်းကျင်ကို အကဲခတ်လေ့လာသည့် အလေ့အကျင့်၊ ကိုးကွယ်သည့်ဘာသာတရားနှင့် လူကြီးသူမကို ရိုသေကိုင်းရှိုင်းသည့် အလေ့အထ၊ အများပြည်သူအကျိုးအတွက် တာဝန်ထမ်းဆောင်မှု စသည့် အလေ့ကျင့်ကောင်းများရရှိစေမှာဖြစ်ကြောင်း၊ ယနေ့ခေတ် လူငယ်လူရွယ်လေးများ ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တများ ကောင်းမွန်ပြီး မိမိကိုယ်ကိုယ် အားကိုးတတ်စေရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့အား ချစ်ခင်မြတ်နိုးစွာဖြင့် သစ္စာစောင့်သိကာ လူမှုကိစ္စများကို အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်ပြီး နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်မည့် နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရန် အစဉ်ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်အကြီးအကဲများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရေးနှင့် လူငယ်ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးလုပ်ငန်းများကို မူဝါဒများ ချမှတ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း” စသည်ဖြင့် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့်တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ပစ္စည်းများ၊ ကင်းထောက်သင်တန်းတွင် တစ်ဦးခြင်းစံပြဆု၊ အကောင်းဆုံး ကင်းစိတ် Patrol အဖွဲ့ဆုနှင့် ကင်းထောက်မောင်မယ်လေးများအတွက် ဂုဏ်ပြုဆုငွေ ကျပ်(၁၀)သိန်း တိတိကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးဦးသက်လေးဦးက အခြေခံကင်းထောက်သင်တန်း အပတ်စဉ်(၁) ဖွင့်လှစ်နိုင်ခဲ့မှုပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် ကင်းထောက်မောင်မယ်များလေးများက “ပြည်သူ့အတွက်အဆင်သင့်” သီချင်းဖြင့် သံပြိုင်သီဆို၍ ကင်းထောက်အလံအား ပြန်လည်ရုပ်သိမ်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)