ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အထောက်အကူပြု ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲ ပြုလုပ်

ပခုက္ကူ ဒီဇင်ဘာ ၂၇

မ‌ကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူတက္ကသိုလ်၌ အခြေခံပညာရေးကဏ္ဍမြှင့်တင်ရေးနှင့် ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အထောက်အကူပြုဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်က “ပညာရေးသည် နိုင်ငံ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရင်းအနှီးဖြစ်ပြီး လူတိုင်းပညာသင်ယူတတ်မြောက်ရေးလုပ်ငန်း သည် အခြေခံကျတဲ့လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ အသိပညာ၊အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်များနှင့်ပြည့်စုံကာ တက်ကြွလှုပ်ရှားသည့် လူ့စွမ်းအားအရင်းအမြစ် ခိုင်မာအားကောင်းစေရန်လည်းလိုအပ်ကြောင်း၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတည်ဆောက်ရာတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေး၊ လူငယ်ကဏ္ဍမြှင့်တင် ဆောင်ရွက်ရေးတို့ကို ဦးတည်ချက်တစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် ပခုက္ကူခရိုင်ရဲ့ အောင်ချက်ရာခိုင်နှုန်းမှာ ၆၄ဒသမ၅၁ရာခိုင်နှုန်းရှိခဲ့ ကြောင်း၊ အခြေခံပညာကျောင်းများအနေဖြင့် ယခင်နှစ်ထက် အောင်ချက်ရာခိုင်နှုန်းမနိမ့်ကျစေရေးနှင့် ပိုမိုတိုးတက်အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ဘာသာရပ်ဆိုင်ရာဆရာ၊ ဆရာမများအနေဖြင့် မိမိသင်ကြားသော ဘာသာရပ်များကို မိမိတို့ကိုယ်တိုင် ကျွမ်းကျင်တတ်မြောက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ နားလည်သဘောပေါက်စေရန်အတွက် သင်ခန်းစာများကို စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး အကျိုးရှိရှိအသုံးချတတ်ကြရန်လိုအပ်ကြောင်း” တိုက်တွန်း အမှာစကားပြောကြားသည်။

ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းနည်းပြနှင့် သင်တန်းသား၊သင်တန်းသူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအ‌ကြောင်း၊ ခရိုင်ပညာရေးမှူး ဦးသောင်းနိုင်က ဘာသာရပ်ဆိုင်ရာအထောက်အကူပြုဆွေးနွေးရမည့်အကြောင်းအရာများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်း ပြောကြားကြသည်။

အဆိုပါဆွေးနွေးပွဲတွင်  ပခုက္ကူတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွဏ် (သင်ကြား) ဦးဆောင်၍ ဘာသာရပ်ဌာနအသီသီးမှ ပါမောက္ခ(ဌာနမှူး)များအပါအဝင် သင်တန်းနည်းပြ(၂၆)ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝနှင့် ဘောဂဗေဒစသည့် ဘာသာရပ်ဆိုင်ရာ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး၊ သင်ကြားသင်ယူမှုအရည် အ‌သွေးမြင့်မားရေး၊ ဘေးကင်းလုံခြုံစွာပညာသင်ယူခွင့်ရရှိရေး၊ စာမေးပွဲများလွယ်ကူချောမွေ့စွာ ဖြေဆိုနိုင်ရေးသင်ခန်းစာများ ကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ ဆွေးနွေးပို့ချ‌သင်ကြားပေးသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ (၈၁) ဦး တက်ရောက်ကြကြောင်းသိရသည်။

ဘာမီသာ(ပခုက္ကူ)