နတ်တလင်း ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) ကစားနည်း (၁၀) မျိုးဖြင့် ပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က သာဇီရပ်ကွက် အ.ထ.က (နတ်တလင်း)ကျောင်း မနောဟဒယခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ နတ်တလင်းခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး သာယာဝတီခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိမ်းထွန်းမှ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်ပြောကြားခဲ့ပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနေဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ်ရေးပစ္စည်းများလိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ်မီးငြှိမ်းသတ်နည်း၊ စောင်ဖြင့် ထမ်းစင်ပြုလုပ်နည်းနှင့် သယ်ဆောင်နည်း၊ ရေသန့်ဘူးခွံဖြင့် အသက်ကယ်အင်္ကျီပြုလုပ်နည်းများ၊ သဘာဝဘေးအန္တရာယ် ပေါ်ပေါက်လာပါက ဆောင်ရွက်ရမည့် နည်းစနစ်များ၊ မီးလောင်မှုကို ဖြစ်ပေါ်စေနိုင်မည့် အကြောင်းအရာများ၊ အရိုးကျိုးလူနာများအား ရှေးဦးပြုနည်း စသည့် Game (၁၀)မျိုးဖြင့် လေ့ကျင့်သင်ကြား ပညာပေးဆောင်ရွက်ခဲ့ကြပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ပြီး ထိခိုက်ဆုံးရှုံးမှု နည်းပါးစေမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)