သရက်ချောင်း ဒီဇင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်း ပင်စင်စား (အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာဝင်းဇော်ဦးနှင့် ဆရာ/ဆရာမများက နိုင်ငံ့ဝန်ထမ်းပင်စင်စား(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းနှင့် ရောဂါအလိုက်ဆေးပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးကူညီခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းပင်စင်စား(အငြိမ်းစား)များအား မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ လစဉ် ၂၁ ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)