မြိတ် ဒီဇင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပင်စင်လစာထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်အနီး၌ ဆန်နှင့်ဆီကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးပြီး ဘဏ်အနီးရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲမှဖွင့်လှစ်ထားသည့် အခမဲ့ဆေးကုခန်းတွင် အခမဲ့ကျန်းမာရေးဆေးစစ် ကုသပေးသည်။
အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့်ဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် မြန်မာ့စီးပွားရေးဘဏ်(မြိတ်ဘဏ်ခွဲ)တွင် ပင်စင်လာရောက်ထုတ်ယူရာတွင် ဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်၊ ဆီ(၅၀) ကျပ်သားလျှင် (၂၈၅၀)ကျပ်နှုန်းတို့ဖြင့် အငြိမ်းစားဝန်ထမ်းလူဦးရေ(၁၂၀)ဦးအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆန်ကုန်သည်များအသင်း၊ ဆီကုန်သည်များ အသင်းတို့မှ ပူးပေါင်း၍ တာဝန်ရှိသူများက ရောင်းချပေးခဲ့ကြသည်။
ထို့အတူ ပင်စင်လစာထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများမှ ကျန်းမာရေးဆေးစစ်လိုသူများအား ဘဏ်အနီးရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ်ထားသည့် အခမဲ့ ဆေးကုခန်းတွင် အခမဲ့ကျန်းမာရေးဆေးစစ်ကုသပေးခဲ့သည်။ အဆိုပါ သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့်ဆီရောင်းချပေးနေမှုနှင့် ကျန်းမာရေးဆေးစစ်ကုသပေးနေမှုအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)