ကျွန်းစုမြို့တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ ဆောင်ရွက်ပေး

ကျွန်းစု ဒီဇင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်အရ ကျွန်းစုမြို့နယ်တွင် ပင်စင်လစာခံစားနေသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ယနေ့နံနက်(၈)နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်အတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ဝန်ထမ်းများ၊ မြန်မာ့စီးပွားရေးဘဏ်၊ မန်နေဂျာ ဒေါ်လဲ့လဲ့နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးနှင့် တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား သွေးတိုးနှင့် ဆီချိုသွေးချို စစ်ဆေးတိုင်းတာပေး​ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက လိုအပ်သောဆေးဝါးများအား အခမဲ့ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့သည်။

ကျွန်းစုမြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၁၅၀)ကျော်ခန့်ရှိပြီး လစဉ် (၂၁)ရက်နေ့၌ ပင်စင်လစာများ ထုတ်ပေးလျက်ရှိရာ ယနေ့တွင် ပင်စင်လစာထုတ်ယူရန် ကျန်ရှိနေသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လာမည့် ဇန်နဝါရီ လ(၂၁)ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)