စက်မှု၊ စိုက်ပျိုးမွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားသည့် ကျောင်းများသို့ Grade-9 အောင် ကျောင်းသား/သူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းများအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရေကြည် ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် စက်မှု၊ စိုက်ပျိုးမွေးမြူရေး ပညာရပ်များ တွဲဖက်သင်ကြားသည့် ကျောင်းများသို့ Grade-9 အောင် ကျောင်းသား/သူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းများအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က တေဇာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီး ဦးသန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်)မှ ကျောင်းအုပ်ဆရာကြီးက စက်မှုဘာသာရပ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ကျုံပျော်ခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများ၊ မိဘဆရာများက သိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းများကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်း ညွှန်ချက်နှင့်အညီ အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများသည် စက်မှု၊ စိုက်ပျိုးမွေးမြူရေး ပညာရပ်များ သင်ယူခွင့်ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ခရိုင် (၅၀)၊ မြို့နယ် (၅၁) မြို့နယ်တို့တွင်စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင်လည်း ခရိုင်(၃၄)ခရိုင်၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်း (၃၄)ကျောင်းကိုလည်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မြို့နယ်(ပြန်/ဆက်)