ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ပင်ဦးကျေးရွာအုပ်စုအား ဆက်လက်ထုတ်ချေးပေး

ငဖဲ ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ၂၀၂၃ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ပင်ဦးကျေးရွာအုပ်စုမှ တောင်သူ (၃၇၈)ဦး၏ စပါးနှင့်အခြားသီးနှံစိုက်ဧက (၁၅၀၇) ဧကအတွက် ချေးငွေကျပ် (၁၆၁၉.၅၀)သိန်းကို ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီးရရှိစေရေးနှင့် သီးနှံများအချိန်မီ စိုက်ပျိုးထုတ်လုပ်နိုင်ပြီး တောင်သူများလူမှုစီးပွားဘဝအဆင်ပြေစေရန် ရည်ရွယ်၍ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း၊ ယခင်နှစ်ဆောင်းသီးနှံချေးငွေအရင်း၊ အတိုးပြေကျေစွာ ပေးဆပ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရှိသည့် တောင်သူများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာဒေါ်သန်းသန်းဆင့်က ပြောကြားသည်။

ငဖဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးနိုင်ရေးအတွက် ကျေးရွာအုပ်စု(၈)အုပ်စုမှ တောင်သူများအား ချေးငွေကျပ်သိန်းပေါင်း  (၂၀၀၀) ကို ထုတ်ချေးပေးရန် လျာထားပြီး စပါးသီးနှံစိုက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းနှင့် အခြားသီးနှံစိုက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ပင်ဦးကျေးရွာအုပ်စုမှ တောင်သူ (၃၇၈)ဦး၏ စပါး (၂၂၅)ဧက၊ နှမ်း (၁၈၈)ဧက၊ ကုလားပဲစိုက်ဧက (၇၂၁)ဧက၊ ပဲတီစိမ်း (၁၉၅)ဧက၊ မတ်ပဲ (၁၀၅)ဧကနှင့် မြေပဲ (၇၃)ဧက စုစုပေါင်း စိုက်ဧက (၁၅၀၇)ဧကအတွက် ချေးငွေကျပ် (၁၆၁၉.၅၀)သိန်းကို ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိသည့် ကျေးရွာအုပ်စုတစ်အုပ်စုမှ တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးစရိတ်များကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။   

မယု(ငဖဲ)