သရက်ချောင်း ဒီဇင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံအသက်(၁၃)နှစ်အောက်အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီး မြှင့်ပွဲအခမ်းအနား ယမန်နေ့က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇေယျာဌေးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ပြည့် ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ရပ်မိ/ရပ်ဖများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲအား စတင်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို အသင်း(၈)သင်းဖြင့် ဒီဇင်ဘာလ (၂၃)ရက်မှစ၍ ယှဉ်ပြိုင်ကစားကြရာ ယနေ့တွင်ဗိုလ်လုပွဲစဉ်အဖြစ် (အ-ထ-က)သရက်ချောင်း(က)အသင်းနှင့် ပန်းတော(မူလွန်) အသင်းတို့ ယှဉ်ပြိုင်ကစားရာ ပန်းတော(မူလွန်)အသင်းက ၅ဂိုး ၄ဂိုးဖြင့်အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များက ပထမရရှိသော ပန်းတော(မူလွန်)အသင်းနှင့် ဒုတိယရရှိသော (အ-ထ-က)သရက်ချောင်း(က)အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု များကိုလည်းကောင်း၊ ပထမရရှိသော ပန်းတော(မူလွန်)အသင်းအား တံခွန်စိုက်ဒိုင်းဆုကို လည်းကောင်း အသီးသီးဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)