ကလိန်အောင် ဒီဇင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် မိသားစုဘဝစာဝတ်နေရေး အဆင်ပြေစေရန်အတွက် တပိုင်တနိုင် ဝက်မွေးမြူရေးလုပ်ကိုင်ခြင်းဖြင့် ပုံမှန်အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကလိန်အောင်မြို့ မိကျောင်းလှောင်ကျေးရွာရှိ ဝက်မွေးမြူရေးလုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။
“ဝက်မွေးမြူရေးလုပ်ကိုင်လာတာ ၂၀၁၇ ခုနှစ်ကတည်းကစတင်ပြီး မွေးမြူလုပ်ကိုင်တာ ခုဆို(၇) နှစ်လောက်ရှိပါပြီး၊ အခုလက်ရှိတော့ မွေးမြူထားတာ (၅)ကောင်လောက်ပဲရှိတယ်၊ အရင်ကတော့ (၇)ကောင်၊ (၈)ကောင်လောက် မွေးမြူထားတယ်အခုကျန်တဲ့ ဝက်မတွေ့ကို အသားဖောက်ပြီး ပြန်ရောင်းရင် ဝင်ငွေပိုရတယ်" ဟု ဝက်ခြံမွေးမြူရေးလုပ်ကိုင်သူ ဒေါ်ခင်အေးမွန်က ပြောသည်။
အဆိုပါ ဝက်မများသည် ကိုယ်ဝန် ၄လ ခန့်တွင် သားပေါက်လေ့ရှိပြီး ဝက်သားပေါက် ၁၀ ကောင် မှ ၁၂ ကောင် အထိပေါက်တတ်ကြောင်း၊ ဝက်သားပေါက် ကောင်တစ်လခွဲ သက်တမ်းရှိရင် စျေးကွက်အတွင်း ပြန်လည်ရောင်းချခြင်းဖြင့် လစဉ်ပုံမှန်ဝင်ငွေရရှိကာ မိသားစုဘဝ စီးပွားရေး အဆင်ပြေလျက်ရှိကြကြောင်း ၎င်းကဆက်လက်ပြောသည်။
ယင်းအပြင် ခြံသန့်ရှင်းရေးကိုလည်း ပုံမှန်လုပ်ရပြီး၊ ဇီဝလုံခြုံရေး ဆေးများလည်း ရံဖန်ရံခါ ဖျန်းပက်ပေးရကြောင်း သိရသည်။
ကလိန်အောင်မြို့ရှိ ပြည်သူများသည် စိုက်ပျိုးရေးဥယျာဉ်ခြံလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်ကြသလို့ မွေးမြူရေးလုပ်ငန်းပါ တွဲဖက်၍ လုပ်ကိုင်ကြသော မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)