ရှမ်းရွာသစ်မြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ပြုလုပ်

ရှမ်းရွာသစ်    ဒီဇင်ဘာ   ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ် လပ်ရေးနေ့ အကြိုအထိမ်းအမှတ် မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို ကျောင်းသား /သူလေးများအနေဖြင့် အစဉ်အမြဲအောက်မေ့စေရန်၊ နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှုအားကောင်းစေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ပန်းချီဆွဲ ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ရာ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ (၂၀) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို လည်း အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အခြေခံ ပညာကျောင်းများသို့ ကွင်းဆင်း၍ ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)