ရှမ်းရွာသစ် ဒီဇင်ဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းနှင့် ဉယျာဉ်ခြံမြေစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး တစ်ဖက်တစ်လမ်းမှ မိသားစု အပိုဝင်ငွေရရှိစေရန် မီးဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် နနွင်းစိုက်ပျိုးသည့်လုပ်ငန်းကို တစ်ပိုင် တစ်နိုင်လုပ်ကိုင်ကြရာ ယခုအချိန်တွင် နနွင်းတက်များတူးဖော်ပြီး နနွင်းမှုန့်များရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ယခုနှစ်တွင် ဒေသခံပြည်သူများ မိသားစုဝင်ငွေတိုးပွားရန်အတွက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် နနွင်းစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်ပြီး နနွင်းဉများလှိုင်လှိုင်ဉလို့အဆင်ပြေကြောင်း၊ နနွင်းခြောက်တစ်ပိဿာ (၅၀၀၀)ကျပ်မှ (၇၀၀၀)ကျပ်အထိရရှိပြီး နနွင်းမှုန့်တစ်ပိဿာ (၁၀၀၀၀) ကျပ်ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအများစုမှလာရောက်ဝယ်ယူပြီး ရောင်းချရရကြောင်း၊ အထွက် နှုန်းကောင်းမွန်စေတဲ့ စိုက်ပျိုးရေးနည်းစနစ်များ တိုးတက်လာသည့်အတွက် တောင်သူအများစုသည် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ နနွင်းကိုဇွန်လပထမပတ်မှ စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလနှင့်ဇန်နနဝါရီလတွင် တူးယူပြီး နနွင်းခြောက်နှင့် နနွင်းမှုန့်များကို ရောင်းချကြောင်း၊ သဘာဝနနွင်းစစ်စစ်ဖြစ်သည့်အတွက် ဆေးဖက်ဝင်ပြီး သဘာဝမီးဖိုချောင်သုံး အစားအသောက် တစ်မျိုးဖြစ်ရာ ယခုလို နနွင်းပေါ်ချိန်ရောက်လျှင် ရောင်းကောင်းပြီး မိသားစု အပိုဝင်ငွေရရှိသောကြောင့် ဒေသနေပြည်သူအများစု တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိရာ ဒေသနေပြည်သူအများစုသည် နနွင်းစိုက်ပျိုးသည့်လုပ်ငန်းကို မိမိတို့အိမ်ခြံဝင်းများ၊ တောတောင်ခြံမြေများတွင် တစ်ပိုင်တစ်နိုင် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)