သဲကုန်း​မြို့နယ် မူလတန်းကြိုကျောင်း၌ ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

သဲကုန်း ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်များ ကာယ ဉာဏနှင့် စာရိတ္တပိုင်းဆိုင်ရာဖွံ့ဖြိုးစေရန်၊ အသက်အရွယ်အလိုက် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အုပ်စုဖွဲ့၍ အတူလုပ်ကိုင်ခြင်းဖြင့် စိတ်ပျော်ရွှင်မှုရရှိစေရန်၊ မိမိကိုယ်ကိုယုံကြည်မှုရှိစေရန်၊ မိဘဆရာများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရင်သွေးငယ်များအား နည်းလမ်းမှန်စွာ ပြုစုစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် ကျောင်းတွင်းကာယစွမ်းရည်ပြိင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါမူကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲအခမ်းအနားတွင် သဲကုန်းမူလတန်းကြိုကျောင်းမှ  သားငယ်၊ သမီးငယ်လေးများ၏ ဦးထုပ်စောင်းပြိုင်ပွဲ၊ ခေါင်းဦးစွပ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ရေဘူးဖြည့်ပြိုင်ပွဲ၊ ပီနံအိတ်စွပ်ပြိုင်ပွဲ၊ ကြိုးသီပြိုင်ပွဲ၊ အရောင်ရွေးပြိုင်ပွဲ၊ သံပုရာသီးဇွန်းကိုက်ပြိုင်ပွဲ၊ ဖိနပ်စီးပြိုင်ပွဲ၊ ဘူးဆင့်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရရှိသည့် သားငယ်သမီးငယ်လေးများနှင့် ပြိုင်ပွဲဝင် သားငယ်၊ သမီးငယ်ကလေးများအား တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုများအပါအဝင် ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအားကစားပြိုင်ပွဲသို့ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သဲကုန်းမူလတန်းကြိုကျောင်းမှ ကျောင်းအုပ် ဒေါ်မေဇင်ထွန်းနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိဘဆရာအသင်းဝင်များ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ကိုကျော်(ပြန်/ဆက်)