အထက်မင်းလှ ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးတို့သည် မင်းလှမြို့နယ်၊ စစ္စနို့ကျေးရွာအနီးရှိ စစ္စနို့ဓာတ်အားခွဲရုံနှင့် ရွာတော်ကျေးရွာအနီးရှိ ဂါလံ (၁၅၀၀၀၀) ဆံ့ ရေစစ်ကန်နှင့် ရေစုကန်တည်ဆောက်မှုများကို ယမန်နေ့ညနေ (၃) နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ စီးပွားရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့သည် စစ္စနို့ကျေးရွာအနီးရှိ စစ္စနို့ဓာတ်အားခွဲရုံသို့ရောက်ရှိပြီး ဓာတ်အားခွဲရုံတည်ဆောက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး ခဲ့ရာ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးအောင်မြင့်ဝင်းက ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးက လုပ်ငန်းများ အချိန်မီပြီးစီးရေးလိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်နှင့် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တိုးချဲ့မြို့ရေပေးရေးလုပ်ငန်းဖြစ်သည့် ဂါလံ (၁၅၀၀၀၀) ဆံ့ရေစစ်ကန်နှင့် ရေစုကန်တည်ဆောက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးက ရှင်းလင်းတင်ပြပြီး၊ ဝန်ကြီးက လုပ်ငန်းများ အချိန်မီပြီးစီး ရေးလိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါရေစစ်ကန်နှင့် ရေစုကန်ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် တိုးချဲ့မြို့ရေပေးရေးလုပ်ငန်းဖြစ်သည့် ဂါလံ (၁၅၀၀၀၀)ဆံ့ရေစစ်ကန်၊ ရေစုကန် (၇၆'×၅၂'×၈') အမှတ် (၂) တည်ဆောက်ခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ပြီးဖြစ်၍ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာရရှိမည်ဖြစ်ကြောင်းနှင့် ၃၃/၁၁ကေဗွီ၊ (၅အမ်ဗွီအေစစ္စနို့ ဓာတ်အားခွဲရုံ တည်ဆောက်ပြီးဖြစ်ရာ ကျေးရွာ (၆) ရွာမှ အိမ်ထောင်စု (၂၀၂၉) စုမှာ လျှပ်စစ်မီးရရှိမည်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)