သရက် ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်းဆင့်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ပြိုင်ပွဲကျင်းပရသည့်ရည်ရွယ်ချက်အား ပြောကြားရာမှာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များ အလေ့အကျင့်ကောင်း စိတ်ဓာတ်ကောင်းများ ပေါ်ထွန်းလာစေရန် မျိုးချစ်စိတ်ဓာတ်ရှိဖို့အတွက် ပညာရေးဌာနအပါအဝင် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေတာဖြစ်သလို ကျောင်းသား/ကျောင်းသူများ အနေနဲ့ အမျိုးသားစိတ်ဓာတ်ရှိဖို့လိုမှာ ဖြစ်ပါတယ်၊ မိမိလူမျိုး၊ မိမိစာပေယဉ်ကျေးမှုကို လေးစားတန်ဖိုးထားတတ်သော နိုင်ငံကို ချစ်မြတ်နိုးပြီး နိုင်ငံ့အပေါ် သစ္စာရှိစွာ စောင့်ရှောက်လိုစိတ်များ ရရှိလာမည်ဟု ပြောကြားခဲ့ပြီး ပန်းချီဆရာဦးညွန့်လှိုင်က အမှတ်ပေးစည်းမျဉ်းကမ်းများနှင့်ပတ်သက်၍ ပြောကြားပေးခဲ့သည်။
ထို့နောက် မူလတန်းဆင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီမှူး ဒေါ်မြင့်မြင့်ဆွေ၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူအသီးသီးတို့က ဆုများချီးမြှင့်ပေးခဲ့ပြီး ပြိုင်ပွဲဝင် အခြေခံမူလတန်းကျောင်း (၁၂) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၂) ဦးအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီဆရာ ဦးညွန့်လှိုင်တို့က လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)