တိုင်းဒေသကြီး ဝန်ကြီးချုပ် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ စက်မှုလယ်ယာ စနစ်ကျ လယ်မြေဧက (၁၀၀) ဖော်ထုတ်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

ပုသိမ် ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာအုပ်စု အတွင်းရှိ တောင်သူ (၁၂)ဉီး၏ လယ်​မြေဧက (၁၀၀)၌ စက်မှုလယ်ယာစနစ်ကျ လယ်မြေ ဖော်ထုတ်ရေးအဖွဲ့ (အောက်မြန်မာပြည်) သန်လျင်မြို့မှ စက်မှုလယ်ယာစနစ်ကျ လယ်မြေ ဧက (၁၀၀) ဖော်ထုတ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ စက်မှုလယ်ယာစနစ်ကျလယ်မြေ ဧက(၁၀၀) ဖော်ထုတ်ရေး လုပ်ငန်းရှင်းလင်းဆောင်၌  တိုင်းဒေသကြီးဝန်ကြီးချုပ်အား စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဦးစီးမှုနှင့် လယ်ယာ​မြေစီမံခန့်ခွဲ​ရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့က  စက်မှုလယ်ယာစနစ်ကျ လယ်မြေ ဧက(၁၀၀) မဖော်ထုတ်မီ တောင်သူပိုင်ဆိုင်မှုများနှင့် ဖော်ထုတ်ပြီး တောင်သူ တစ်ဦးချင်း ပြန်လည်ခွဲဝေရရှိမည့် အခြေအနေများ၊ ဟက်တာကွက်များအဖြစ်​ ဖော်ထုတ်​ဆောင်ရွက်​နေမှုများ၊ ကုန်ထုတ်လမ်း၊ စက်ဆင်းလမ်းနှင့် ရေသွင်း​ရေနုတ်​​မြောင်းများ​​ဆောင်ရွက်​နေမှုများကို ရှင်းလင်းတင်ပြအမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က "စနစ်ကျလယ်မြေ ​ဖော်ထုတ်ပြီးစီးပါက တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်မည်ဖြစ်သဖြင့် ​တောင်သူများအတွက် အကျိုး​ကျေးဇူးများစွာ ရရှိမည်ဖြစ်ပါ​ကြောင်း၊ စံနမူနာပြ ဖြစ်သဖြင့်​အောင်​မြင်​အောင် ​ဆောင်ရွက်သွားရန်လိုပါကြောင်း" တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မရဲ့အုန်းပင်စုကျေးရွာအုပ်စုရှိ တောင်သူ ဦးတင်အောင်သန်း၏ လယ်မြေတွင် ပြုလုပ်သည့်  နယူးဧရာ(၁)အထူးအထွက်တိုး စပ်မျိုးစပါး နွေစပါး ကွင်းပိတ်စိုက်ပျိုးပွဲတွင် ​ခြောက်တန်းတစ်တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးနေမှုများအား ကြည့်ရှုအား​ပေးခဲ့သည်။ ထို့​နောက် တောင်သူဦးတင်​အောင်သန်းက ဂျပန်ဘိုကာရှီ နည်းပညာဖြင့် ပြုလုပ်ထား​သော စပါးခွံ​မြေ​ဆွေး သဘာဝ​မြေသြဇာ ထုတ်လုပ်သုံးစွဲမှု အခြေအ​နေများအား ရှင်းလင်းတင်ပြခဲ့ပြီး သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျ ထည့်သွင်းကြဲပက်နေမှုများ၊ ဆိုလာ​ရေတင်စနစ်ဖြင့် ​ရေတင်ခြင်းလုပ်ငန်း​ဆောင်ရွက်​နေမှုများနှင့် ​ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန်အတွက် နယူးဧရာ ၁ စပါးမျိုးများအား ပျိုးဗန်းဖြင့် ပျိုး​ထောင်ထားရှိမှုများအား ကြည့်ရှုအား​ပေးခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က သီးထပ်စွမ်းအား တိုးတက်ရေးအတွက် ဆောင်ရွက်ကြရန်နှင့်​ တစ်ဧကအတွက်နှုန်းများ တိုးတက်​​ထွက်ရှိအောင် ကြိုးပမ်း​ဆောင်ရွက်ကြရန်လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်း​ဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ စခန်းကြီး ကျေးရွာရှိ တောင်သူ ဦးတင်အောင်ဆန်း၏ super sun-41 မျိုး ဆီထွက်သီးနှံနေကြာ (၂)ဧက စံပြစိုက်ခင်းနှင့် ဝဲဒေါင့်ကျေးရွာအုပ်စုရှိ တောင်သူဦးမြင့်ဇော်၏ super sun-41 မျိုး ဆီထွက်သီးနှံနေကြာ (၅)ဧကတွင် ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးနေမှုအားလည်း ကြည့်ရှု အားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်ကျွန်း မြို့နယ်၊ မယ်တလိုင်းကျေးရွာ၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်​သော​ကျောင်း (clean and green school) ပြိုင်ပွဲဝင် အခြေခံပညာမူလတန်း​ကျောင်းသို့ သွားရောက်၍ ဆရာဆရာမများ၊ ​ကျောင်းသား၊ ​ကျောင်းသူ​လေးများအား ရင်းရင်းနှီးနှီး ​​တွေ့ဆုံနှုတ်ဆက်ပြီး ​ကျောင်းအတွင်း စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများ၊ ရာသီပင် သီးပင်စားပင် ပန်းမန်များ၊ ကျောင်းသား​ကျောင်းသူက​လေးများ၏ တီထွင်ဖန်ထီးထားမှုများ၊ ​ကျောင်းသန့်ရှင်း​ရေး​ဆောင်ရွက်ထားရှိမှု များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စာသင်​ကျောင်းအတွက် လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ​ပေါင်းစပ်ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့ကာ ထောက်ပံ့​ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)