ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြောင်းမြခရိုင်နှင့် ကျုံပျော်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပုသိမ် ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက မြောင်းမြခရိုင်နှင့် ကျုံပျော် ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လမ်းသမိုင်-ရှမ်းစုကားလမ်းဘေး (ယာ)မြောင်း၊ မြောင်းအလျား(၁.၈၉၄)မိုင်၊ ထိပ်ဝအကျယ် (၂၀) ပေ၊ အောက်ခြေအကျယ် (၆) ပေ၊ ပျမ်းမျှအနက် (၇)ပေရှိ လယ်မြေဧက(၃၀၀)အကျိုးပြုသည့် မြောင်းပြန်လည်တူးဖော်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ သီးထပ်စွမ်းအား တိုးတက်ရေးအတွက် ဆောင်ရွက်ကြရန်နှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ ကျုံပေါက်ကျေးရွာရှိ တောင်သူ ဦးပြုံးအေး၏ လယ်ဧက(၈)ဧက၌ ၂၀၂၃ ခုနှစ်၊ မိုးစပါးစံကွက်ရိမ်းသိမ်းပွဲသို့ တက်ရောက်၍ ဧရာဝတီပေါ်ဆန်းစပါး ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ လမ်းသမိုင်ရွာ ကြီးကျေးရွာရှိ တောင်သူဦးလေးတင့်၏ လယ်ဧက (၂၀)တွင် ရက်(၉၀)စပါးမျိုး၊ နွေစပါး စိုက်ခင်း စိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံ၍ အထွက်တိုး မျိုးကောင်းမျိုးသန့်များအား စိုက်ပျိုးကြရန်၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကို အချိန်ကိုက်အချိုးကျ ထည့်သွင်းစိုက်ပျိုး ကြရန် မှာကြားခဲ့ပြီး တောင်သူများမှ တင်ပြချက်များအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်၊ ကြာဖြူကျေးရွာရှိ တောင်သူဦးဝင်းဗိုလ်၏ လယ်မြေ (၅)ဧက၌  ဆင်းရွှေကြာ(၂) မျိုးရွေးချယ် မြှင့်တင်ရေးစံပြကွက်၌ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးထားရှိမှုများနှင့် ပျားပုံးများဖြင့် ပျားမွေးမြူ ထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးကြရန်နှင့် အောင်မြင် ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကျုံကနိ ကျောင်းစုကျေးရွာ အခြေခံပညာ မူလတန်းကျောင်းသို့ သွားရောက်၍  (၆၀×၃၀)ပေ (၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အလှူရှင်များ၊ ကျောင်းကော်မတီဝင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာရှိ ဦးထွန်းသွင်၏ လယ်ဧက (၅၀)တွင် ဧရာဝတီပေါ်ဆန်းမျိုးစပါး မိုးစပါး စံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ကျောင်းကုန်းမြို့နယ်အတွင် မိုးစပါးရိတ် သိမ်းပြီးစီးမှု အခြေအနေများ၊ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး (၁) ဧက (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေး ဧကအလိုက် တိုးတက်မှုအခြေအနေများ၊  ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့ပြီး ဒေသခံများမှ စိုက်ပျိုးရေလိုအပ်ချက်များ တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါတောင်သူ၏ ဧရာဝတီပေါ်ဆန်းစပါးမျိုး စံကွက်အား ရိတ်သိမ်းခဲ့ရာ တစ်ဧက အထွက်နှုန်းမှာ (၉၆)တင်းထွက်ရှိခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)