မကွေး ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတထိန်းသိန်းခြင်းကို ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီမှုမဖြစ်စေရန်၊ သဘာဝရေပြင်တွင် ငါးမျိုးများ စဉ်ဆက်မပြတ် တည်ရှိစေရန်၊ ငါးထုတ်လုပ်မှုတိုးတက်လာစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်အတွက် ဒေသနှင့်ကိုက်ညီသည့် ငါးမျိုးများအား တိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များရှိ ဧရာဝတီမြစ်၊ ချောင်းနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲကို မကွေးမြို့ ကမ်းနားလမ်းရှိ ညောင်ကိုးပင်ဧရာဝတီမြစ်ကမ်းစပ်၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်၍ ဧရာဝတီမြစ်အတွင်းသို့ ငါးခုံးမကြီး အကောင်ရေ (၂) သိန်း၊ ငါးမြစ်ချင်း အကောင်ရေ(၁)သိန်း၊ စုစုပေါင်း ငါးမျိုးအကောင်ရေ(၃)သိန်းကို စိုက်ထည့်ပေးခဲ့သည်။
ငါးမျိုးစိုက်ထည့်ခြင်းကို မကွေးတိုင်းဒေသကြီး ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွတ်ကဲရေး ကော်မတီဝင်များ၊ မကွေးတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ်စခန်းငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ စုပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ငါးသယံဇာတတိုးပွားရေးအတွက် ငါးလုပ်ငန်းလုပ်ကိုင်သူများအား အသိပညာပေးဟောပြောခြင်း၊ ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ဆည်၊ ကန်များနှင့် မြစ်၊ ချောင်းများအတွင်း နှစ်စဉ်ငါးမျိုးများ စိုက်ထည့်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
အောင်ကို (ပြန်/ဆက်)