ဟားခါး ဒီဇင်ဘာ ၂၇
ချင်းပြည်နယ်အတွင်း ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းလျာထားချက်များ ရှင်းလင်းတင်ပြခြင်း အစည်းအဝေး (၂/၂၀၂၃) ကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ မူဝါဒ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့များ Guideline များ၏ ဘောင်အတွင်း၌သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်း/လုပ်ငန်းစီမံကိန်းများ လျာထားရာတွင် လက်ရှိသာမန်အခြေအနေအပေါ် သာမဟုတ်ဘဲ ဖြစ်လာနိုင်သည့် ကုန်စျေးနှုန်းနှင့် လုံခြုံရေး အခြေအနေများကိုပါ ထည့်သွင်းစဉ်းစား လျာထားရန်လိုကြောင်း၊ ဌာနအစီအစဉ်သော်လည်းကောင်း၊ တင်ဒါအောင် ကုမ္ပဏီလီမီတက်များကသော်လည်းကောင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်သည့် လုပ်ငန်းစီမံကိန်းများ ဖြစ်စေလိုကြောင်း၊ ထိရောက်သည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းဆိုသည်မှာ သတ်မှတ်အရည်အသွေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့် ပြည့်မီပြီး သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း၊ အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လာမည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်းစီမံချက်များကို ထိရောက်ပြီး ပြည်သူ များ၏ လူမှုစီးပွားဘဝ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနများက မိမိတို့ကွပ်ကဲမှုအောက်ရှိ လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးကို အလေးနက်ထား ကြီးကြပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။
ထို့နောက် ပြည်နယ်စီမံကိန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်နှင့် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်ဇင်ဦးတို့က ချင်းပြည်နယ်၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒ၊ ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ဌာနအလိုက် အဆိုပြုလျာထားနှုနှင့် ယယီစိစစ်မှုအခြေအနေ၊ ဌာနတစ်ခုချင်း၏ နှစ်အလိုက်ဘဏ္ဍာငွေရရှိမှုနှင့် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဌာန၏ အဆိုပြုတင်ပြချက်နှင့် ယာယီစိစစ်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အမှတ်(၃)ကုန်းမြင့် ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံးနှင့် ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်း/စီမံကိန်းလျာထားချက်များကို လုပ်ငန်းစီမံကိန်း တစ်ခုချင်းစီအလိုက် Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်စီမံကိန်းဦးစီးဌာနနှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက အကြုံပြု ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)