ဖြူး ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နွေစပါးတိုးချဲ့စိုက်ပျိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများသည် ဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက လိပ်သေကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာရှိ တောင်သူများနှင့်တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်မှုဖွံ့ဖြိုးတိုးတက်စေရေး၊ လူတစ်ဦးချင်းစီဝင်ငွေ တိုးတက်ရေးအတွက် မြေနေရာလပ်မချန်ဘဲ စိုက်ပျိုးရန်အားပေးပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့် နည်းပညာများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် နွေစပါးစိုက်ပျိုးနိုင်ရေး လိုအပ်ချက်များကို တင်ပြဆွေးနွေးပေးကြပါရန် ပြောကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက်ဆွေးနွေးကြရာ တက်ရောက်လာကြသော လိပ်သေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နွေးစပါးစိုက်ပျိုးရာတွင် ဆည်ရေရရှိရေးအတွက် လိုအပ်သည်များကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြကြောင်းနှင့် ဆွေးနွေးပွဲအပြီးတွင် ဆည်ရေရရှိရေး ဆည်ရေပေးမြောင်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း ၂၀၂၄ခုနှစ်အတွက် နွေစပါးစိုက်ပျိုးနိုင်ရေး ဒေသလျာထားမှု(၁၇၃၈၉)ဧက စိုက်ပျိုးရန်လျာထားပြီး လိုအပ်သည့်ရေပေးနိုင်ရေး အင်းအိုင်ရေဖြင့် (၄၀၉)ဧက၊ ချောင်းပိတ်ရေဖြင့် (၃၅၅၃)ဧက၊ ဆည်ရေဖြင့် (၁၃၄၂၇)ဧကရှိကြောင်း၊ နွေစပါးလျာထားမှုဧက ပြည့်မီစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)