ပွင့်ဖြူမြို့၌ (၇၆) နှစ်မြောက်  လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ကွင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်

ပွင့်ဖြူ ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ကွင်းတွင်းအားကစားပြိုင်ပွဲများကို စီစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။

ပွင့်ဖြူမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ လူငယ်မောင်မယ်များနှင့် ကျောင်းနေအရွယ်ကလေးများ ဗလငါးတန် ဖွံ့ဖြိုးစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ နှစ်စဉ်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ခေါင်းအုံးရိုက်၊ ပြေးခုန်ပစ်စသည့် အားကစားပြိုင်ပွဲများကို စီစဉ်ကျင်းပပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင်လည်း (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲအဖြစ် ကွင်းတွင်းအားကစားပြိုင်ပွဲများဖြစ်သည့် လွန်ဆွဲ၊ ခေါင်းအုံးရိုက်၊ အပြေးပြိုင်ပွဲ၊ စကောရွက်၊ ခြေပူးအပြေးပြိုင်ပွဲအစရှိသည့် အားကစားပြိုင်ပွဲများကို ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် အသင်းဝင်ကြေးအခမဲ့ဖြင့် မည်သူမဆို ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်းနှင့် ပြိုင်ပွဲအမျိုးအစားအလိုက် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသောအသင်းများကို (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )