ရေကြည် ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် မြို့မရပ်ကွက် သူတော်ကုန်းရပ် မြို့ကျက်သရေဆောင်သမိုင်းဝင်မြို့ဦး စေတီတော် မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြက်နားတော်၊ ထီးတော်တင်ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၇) နာရီအချိန်က မြို့ဦး စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့သူမြို့သားစေတနာရှင် ဒါယကာ၊ ဒါယိကာမများနှင့် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက ပိဋကတိုက် ကျောင်းဆရာတော်ထံမှ (၅)ပါးသီလ ခံယူဆောက်တည်၍ ပရိတ်တရားတော်များ ရွတ်ဖတ်နာယူ ပူဇော်ခဲ့ကြသည်။
ထို့နောက် မြို့ဦးစေတီတော်မြတ်ကြီးကို စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်၊ အရံစေတီ ထီးတော်မြတ်တို့အား လက်ယာရစ်(၃)ပတ် လှည့်လည်ပူဇော်ခဲ့ကြပြီး စိန်ဖူးတော်၊ ငှက်မြတ် နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို မင်္ဂလာပန်းရထားဖြင့် တင်လှူပူဇော်ကာ မြို့ဦး စေတီတော်မြတ်ကြီးအား သံဃာတော်အရှင်သူမြတ်အပေါင်းမှ ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ခဲ့ကြသည်။
ဆက်လက်၍ နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ မင်္ဂလာရာမကျောင်းတိုက် ဆရာတော် ထံမှ အနုမောဒနာတရားနှင့် ကောင်းမှုကုသိုလ်များကို ရေစက်သွန်းချဆုတောင်းအမျှဝေကာ အခမ်းအနားဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ် ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)