အိမ်မဲ ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ)တို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ (၃၀) မိနစ် အချိန်တွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် “သင်တန်းသားများအနေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်းကို တက်မြောက်သည်အထိ သင်ကြားစေလိုကြောင်း၊ သင်တန်းဆရာများ၏ သင်ကြားမှုများကို ဂရုတစိုက်နားထောင်၍ သင်ကြားစေလိုကြောင်း၊ သင်တန်းပြီးမြောက်ပါက မိသားစုတစ်နိုင် တစ်ပိုင်လုပ်ငန်းအဖြစ် ဆောင်ရွက် စေလိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဝါးခယ်မမြို့နယ် စက်မှုလက်မှုသိပ္ပံသင်တန်းကျောင်းအုပ်ကြီးနှင့် သင်တန်းနည်ပြများက သင်တန်းတွင်သင်ကြားမည့် သင်ခန်းစာများအကြောင်းများကို လည်းကောင်း၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များကို လာ်းကောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဒီဇင်ဘာလ (၂၆) ရက်နေ့မှ ဇန်နဝါရီလ (၂၄)ရက်နေ့အထိ သင်တန်းနည်းပြ (၃) ဦးက သင်တန်းသား (၁၅) ဦးကို စာတွေ့လက်တွေ့ သင်ကြားသွားမှာဖြစ်ပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများဖြစ်သော အခြေခံစက်ချုပ်သင်တန်းနှင့် အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်းကို ကျေးရွာများတွင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ)