ဝါးခယ်မ ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ဘိုးဘေးအညာစုကျေးရွာသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီခွဲအချိန်က လပွတ္တာ(ရှမ်းစု) - ကျုံမငေး - ဝါးခယ်မ မော်တော်ယာဉ်လမ်း မိုင်တိုင်အမှတ် (၂၈/၇)နှင့် (၃၀/၇)အကြား လမ်းဘေး(ယာ)မြောင်း ပြန်လည်တူးဖေါ်ခြင်း လုပ်ငန်း (အရှည် ၁၀၀၀၀ ပေ၊ ထိပ်ဝအကျယ် ၂၀ ပေ၊ အောက်ခြေ အကျယ် ၆ ပေ၊ အမြင့် ၇ ပေ၊ တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုရန်ပုံငွေကျပ် ၃၆.၁၅၀ သန်း)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းနှင့် မြို့နယ်ဆည်မြောင်းဦးစီးဌာန ဦးစီးမှူး ဦးအေးဟန်တို့ကလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျုံပေါက်ကျေးရွာရှိ တောင်သူ ဦးပြုံးအေး၏ လယ်မြေ (ကျုံပေါက်ကွင်းအမှတ်-၉၄၈၊ ဦးပိုင်အမှတ် ၁၄/၂)တွင် မိုးစပါး(ပေါ်ဆန်းမွှေး) စံကွက်ရိတ်သိမ်းနေမှုအားလည်ကောင်း၊ ကြာဖြူကျေးရွာအုပ်စု၊ ကြာဖြူကျေးရွာရှိ တောင်သူ ဦးဝင်းဗိုလ်၏ လယ်မြေ(၅)ဧက (ကြာဖြူကွင်းအမှတ် ၁၀၀၀/က၊ ဦးပိုင်အမှတ် ၁၇/က) ဆင်းရွှေကြာ(၂) မျိုးနေကြာစံကွက်တွင် နေကြာပွင့်များဝတ်မှုံကူး လွယ်ကူပြီး နေကြာစေ့ အထွက်နှုန်းကောင်းမွန်ရေးအတွက် ပျားမွေးမြူရေးလုပ်ငန်း (မွေးမြူရေးပျား ၁၀ ပုံး) ဆောင်ရွက်ထားမှုတို့အား ကြည့်ရှုစစ်ဆေးရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်သိန်းထွန်းတို့ကလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)