ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း၌ ခရစ္စမတ်နေ့အထိမ်းအမှတ် ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနား ကျင်းပ

ပိုင်ကျုံ   ဒီဇင်ဘာ  ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်သည့် ခရစ္စမတ်နေ့အထိမ်းအမှတ် ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ယမန်နေ့က  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အသင်းအုပ်ဆရာတော်က  ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ဝေးရပ်နီးမှ  ဝိုင်းဝန်းကူညီ လှူဒါန်းပေးသည့် အသင်းသူအသင်းသားများ အားလုံးကို အထူးကျေးဇူးတင်ကြောင်းပြောကြားပြီး  တက်ရောက်လာကြသည့် ဧည့်သည့်တော်ပရိတ်သတ်များတို့မှ ''နားထောင်ကောင်းကင်သား ကြွေးကြော်'' ဂုဏ်တော်ချီးမွမ်းခြင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ဖိတ်ကြားထားသော ဆရာတော်များတို့မှ ခရစ္စမတ်နေ့နှင့်သက်ဆိုင်သည့် သမ္မာကျမ်းစာများ၊ ခရစ္စမတ်နေ့ ဖြစ်ပေါ်လာပုံ ဒေဿနာတရားတော်များ ဟောကြားခြင်း၊  တက်ရောက်လာကြသည့် ဧည့်သည်တော် ပရိသတ်များနှင့် ပွဲတော်ဖြစ်မြောက်အတွက် အဘက်ဘက်မှဝိုင်းဝန်းကူညီထောက်ပံ့ ပေးသည့် အလှူရှင်များအတွက် ဆုတောင်း ပေးခြင်း၊ ''ယေရှုကြွလာတော်မူကျူး''သီချင်းဖြင့် ချီးမွမ်းသီဆိုပြီး ပိုင်ကျုံမြို့ ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ အသင်းဆရာတော် ဦးစောစိုးလယ်က နောက်ဆုံး ဆုတောင်းခြင်းဖြင့် အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်သည်တော်ပရိသတ်များ၊ အဟာရများ ဧည့်ခံကျွေးမွေးခြင်းနှင့် ခရစ္စမတ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်

နော်ခူးခူး(ပြန်/ဆက်)