တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်တက္ကသိုလ်တွင် ဖွင့်လှစ်သည့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုစာပေနှင့် အကသင်တန်းဖွင့်ပွဲသို့ တက်ရောက်

မြိတ် ဒီဇင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်တက္ကသိုလ်သို့ ရောက်ရှိခဲ့ကြပြီး တက္ကသိုလ်ဓမ္မာရုံ အချောသပ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သည်များကို လမ်းညွှန်မှာကြား၍  ဘွဲ့နှင်းသဘင်ခန်းမ၌ ဖွင့်လှစ်သည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ စာပေနှင့် အကသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်တက္ကသိုလ်ဓမ္မာရုံသို့ ရောက်ရှိခဲ့ကြပြီး အလျား(၁၃၈)ပေ၊ အနံ(၄၆) ပေရှိ ဓမ္မာရုံတည်ဆောက်ပြီးစီးမှုများအား တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက လိုက်လံရှင်းလင်းပြသရာ ဝန်ကြီးချုပ်က ကြည့်ရှုစစ်ဆေးခဲ့ပြီး အချောသပ်တည်ဆောက်ရေးလုပ်ငန်းများတွင် မြန်မာမှု ဗိသုကာလက်ရာများ ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး မြိတ်တက္ကသိုလ် တိုင်းရင်းသားယဉ်ကျေးမှုနှင့် စာပေအသင်းအား ဝန်ကြီးချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ခဲ့ကြသည်။

ထိုနောက် တက္ကသိုလ်ဘွဲ့နှင်းသဘင်တွင် ဖွင့်လှစ်သည့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု စာပေနှင့် အကသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြသည်။ မြိတ်တက္ကသိုလ်တွင် ဖွင့်လှစ်သည့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုစာပေနှင့် အကသင်တန်းကို တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၏ အခြေခံဖြစ်သော တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ တိုင်းရင်းသားများ၏ မူလဝိသေသ လက္ခဏာများ မပျောက်ပျက်စေရေးအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်ရန်နှင့် တိုင်းရင်သားများ အချင်းချင်း ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာဓလေ့ ထုံးတမ်းများကို သိရှိတန်းဖိုးထားတတ်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သင်တန်းဖွင့်ပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းရင်းသား လူမျိုးအသီးသီးတို့တွင် မိမိတို့၏ ကိုယ်ပိုင် စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးစံများနှင့်အတူ ရှေးနှစ်ပေါင်းများစွာ ကတည်းကာ ရပ်တည်နေထိုင်လာခဲ့ကြတာဖြစ်ကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် စာပေတွေ မပျောက်ပျက်အောင် ထိန်းသိမ်းကြရမည့် တာဝန်သည် လူတိုင်းလူတိုင်းတွင် တာဝန်ရှိကြောင်း၊ ရိုးရာယဉ်ကျေးမှုများ မပျောက်ပျက်အောင် ဆက်လက်သယ်ဆောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်သည် ယနေ့တိုင်းရင်းသား မျိုးဆက်သစ် လူငယ်များ၏ တာဝန်ဖြစ်ကြောင်း၊  မြိတ်တက္ကသိုလ်မှ တစ်နိုင်ငံတည်း၌ နေထိုင်ကြသော တိုင်းရင်းသားများ အချင်းချင်း စည်းလုံးညီညွတ်ရန်၊ တိုင်းရင်းသားများ ရိုင်းပင်းကူညီစိတ်များ ထက်သန်လာစေရန်နှင့် တိုင်းရင်းသားများ တစ်ဦးနှင့်တစ်ဦး၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံမျာကို သိရှိရန်ဆိုသည့် ဦးတည်ချက်တွေနဲ့ ဒီသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက မိမိတို့ တိုင်းဒေသကြီးအတွင်း ရှေးယခင်ကတည်းက တိုင်းရင်သားပေါင်းစုံ ချစ်ခင်ရင်းနှီးစွာ စုပေါင်းနေထိုင်ကြပြီး တိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေးအတွက် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ သင်တန်းတွင် တနင်္သာရီတိုင်းဒေသကြီးရှိ ကရင်၊ မွန်နှင့် တိုင်းဒေသကြီးမှာ နေထိုင်ခဲ့ကြသည့် လူမျိုးများရဲ့ စကား ၊ စာပေ ၊ သမိုင်း ၊ အနုပညာ၊ ယဉ်ကျေးမှု အမွေအနှစ်များနှင့် ရိုးရာဓလေ့ ထုံးတမ်းများကို သိရှိတတ်ကျွမ်းသည့်ပညာရှင်များမှ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်က ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားပြီး သင်တန်းတက်ရောက်ကြမည့် တက္ကသိုလ်ကျောင်းသား/သူများက တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင် ဆက်ခဲ့ကြသည်။ ယင်းနောက် မြိတ်တက္ကသိုလ်ဓမ္မာရုံအတွက် Andaman Sea Trainding Co.Ltd မှ အလှူငွေ ကျပ်သိန်း(၁၀၀)လှူဒါန်းရာ ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။ သင်တန်းကို ကျောင်းချိန်ပြင်ပ ညနေ(၃) နာရီခွဲမှ(၅)နာရီအထိ တိုင်းရင်းသား လူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာအကများကို သင်တန်း ကာလ (၂၈) ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)