ပခုက္ကူ ဒီဇင်ဘာ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားတစ်ဦးချင်း၏ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်းလုပ်ငန်းကို ၂၀၂၃ခုနှစ်၊ ဇွန်လ၂၀ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ပြည်သူဦးရေ တစ်သောင်းရှစ်ထောင်ကျော်တို့အား Unique ID နံပါတ်များ ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးဒေါ်ကြည်ကြည်ချို၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်မြင့်မော် ဦးဆောင်သောဝန်ထမ်းများက မြို့နယ်အတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data) နှင့် (Biometric Data)များကောက်ယူကာ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်များသတ်မှတ်၍ ကတ်ပြားထုတ်ပေးခြင်းများကို ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများ၊ ရပ်ကွက်/ကျေးရွာများအလိုက် ဦးတည်အုပ်စုများ သတ်မှတ်ကာ ၂၀၂၃ခုနှစ်၊ ဇွန်လ၂၀ရက်နေ့မှ စတင်ပြီး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ၂၂ရက်နေ့အထိ ပြည်သူဦးရေပေါင်း (၁၈၇၇၉)ဦးတို့၏ Unique ID နံပါတ်များ ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကိုယ်ရေးအချက်အလက်ကွဲလွဲနေသူများကို စနစ်တကျစိစစ်၍ သတ်မှတ်ကာလအတွင်း ပြင်ဆင်ဖြည့်စွက်အတည်ပြုပေးခြင်း၊ အသက်၁၀နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်မြင့်မော်က ပြောသည်။
အဆိုပါလုပ်ငန်းကို ပြည်သူလူထုများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန်နှင့် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲအစည်းများအတွက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) ဖြင့်ခွင့်ပြုသူ၊ အမြဲနေအခွန်ဆောင်နိုင်ငံခြားသား မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်နိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)