လိပ်သို ဒီဇင်ဘာ ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် သဘာ၀ဘေးဒဏ်များကြောင့် ဓာတ်အားပြတ် တောက်မှုမရှိစေရန် ပွင့်လင်းရာသီကာလတွင် ကြိုတင်ကာကွယ်စစ်ဆေးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် လိပ်သိုမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့လျှပ်စစ်မှူးဦးစီးသော ဝန်ထမ်းများသည် ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသော 33 KV ဓာတ်အား လိုင်း၊ မြို့တွင်းနှင့် ကျေးရွာများသို့ ဖြန့်ဝေသွယ်တန်းထားသော 11 KV ဓာတ်အားလိုင်းများ တစ်လျှောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သောနေရာများတွင် ဓာတ်ကြိုးများ၊ ဓာတ်တိုင်များ အသစ်လဲလှယ်တပ်ဆင်ခြင်း၊ ဓာတ်တိုင်များ ကြံ့ခိုင်မှုရှိ/မရှိ စစ်ဆေးခြင်း၊ ဓာတ်အားလိုင်းကြိုးများအား အနှောက်အယှက်ဖြစ်စေသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်များ ဓာတ်တိုင်ပေါ်သို့ ရစ်ပတ်တွယ်တက်မှုမရှိအောင် ရှင်းလင်းခြင်းလုပ်ငန်းများကို ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယခုအခါတွင် လိပ်သိုမြို့ ဌာနဆိုင်ရာရုံးကုန်းတွင် ယခင်ကသွယ်တန်းပေးထားသော အကာအကွယ်မဲ့ ကြေးနန်းများ၏ နေရာတွင် 400 V AAC လျှပ်ကာကာဘာကြိုးများဖြင့် အသစ်လဲလှယ်တပ်ဆင်ပေးခြင်းလုပ်ငန်းများမှာ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ဌာနဆိုင်ရာများ လျှပ်စစ်အန္တရာယ် လုံခြုံစိတ်ချစွာ အသုံးပြုလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)