ငဖဲ ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေရန်နှင့် သင်ခန်းစာများကို ကျွမ်းကျင်စွာသင်ကြားပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade-5 မြို့နယ်အဆင့်သင်တန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် နောက်ဆုံးနေ့အဖြစ် ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းသို့ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းစုစုပေါင်း (၈၆)ကျောင်းတို့မှ Grade-5 အတန်းတွင် ပညာသင်ကြားပေးနေသော ဆရာ/ဆရာမ(၈၇)ဦး တက်ရောက်ကြပြီး နည်းပြဆရာ/ ဆရာမ(၄)ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံဘာသာရပ်၊ လူမှုရေးဘာသာရပ်၊ ပြည်သူ့နီတိ၊ ကာယ၊ ပန်းချီ၊ စာရိတ္တ စသည့် Grade-5 သင်ရိုးသစ်ဘာသာရပ်ဆိုင်ရာများကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ထိ ၄ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)