လေးမျက်နှာ အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာ ယနေ့အချိန်ထိ (၁၈) ဦးရှိပြီဖြစ်ရာ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့မှ ကျန်းမာရေး ဝန်ထမ်းများက ဂရုစိုက်ကြပ်မတ်ကုသခြင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့နံနက်ပိုင်းက လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံတွင် (၄) ဦးနှင့် ဟင်္သာတ ပြည်သူ့ဆေးရုံကြီး တွင် (၁) ဦး စုစုပေါင်း (၅) ဦးတို့သည် တက်ရောက်ကုသမှု ခံယူနေသည့် positive လူနာများထဲမှ ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီး သတ်မှတ်ရက်ပြည့်ပြီဖြစ်သဖြင့် ဆေးရုံဆင်းခွင့် ရရှိကာ လူနာများသည်လည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆေးရုံဆင်းလူနာများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစုစုလှိုင်က ဆေးရုံဆင်းလက်မှတ် ပေးအပ်ခဲ့ကာ Stay at home နေရမည့် စည်းကမ်းချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆေးရုံဆင်း လူနာများအား မြတ်စေတနာ လူမှုကူညီရေးအသင်းနှင့် နင်းကြမ်းလူမှုကူညီရေးအသင်းတို့မှ ကားများဖြင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ခဲ့ကြောင်း သိရသည်။
မြို့နယ်ဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းထိ ပိုးတွေ့လူနာ (၈) ဦးသာကျန်ရှိပြီး ဆေးရုံဆင်းလူနာ စုစုပေါင်း (၁၀) ဦးရှိပြီဖြစ်ပြီး ကျန်လူနာများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများဖြင့် ကုသပေးပြီး အားလုံးကျန်းမာရေး ကောင်းမွန်ကြကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်ဆက်)