ထန်ပါခွေ ဒီဇင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ လန်းနောက်ကျေးရွာ အုပ်စု (VDP)ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်းသီးနှံ သီးထပ်စိုက်ပျိုးရေး နည်းပညာပေး သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းအား မိုးစပါးအပြီး သီးထပ်နေကြာစိုက်ပျိုးရန်နှင့် နေကြာစိုက်ပျိုးနည်းစနစ် အကြောင်းသိရှိနိုင်စေရန် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသင်တန်းတွင် ထန်ပါခွေမြို့စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးဝေမင်းဦးက ထန်ပါခွေ မြို့တွင် လယ်(၁၈၀)ဧကရှိခြင်းကြောင့် မိုးစပါးအပြီး သီးထပ်စိုက်ပျိုးခြင်းအားဖြင့် စားသုံးဆီ ဖူလုံစေရန် ရည်ရွယ်၍ ယခုလို နည်းပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတက်ရောက်လာသော ဒေသခံတောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့များနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းသို့ စိတ်ပါဝင်စားသော ဒေသခံတောင်သူ (၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၂)ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ဟန်ထွန်း(အင်းဝ)